ဘဝဟာ တစ်ခါတစ်ရံ စိတ်ဖိစီးစရာကောင်းနိုင်ပါတယ်။ ဒါဟာ အလုပ်ခွင်က ပြဿနာများ၊ အဆင်မပြေတဲ့ ဆက်ဆံရေး ဒါမှမဟုတ် အလွန်အလုပ်များခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို လက်ခံနိုင်ပေမယ့် စိတ်ဖိစီးမှုဆိုတာ ဖြေရှင်းလို့မရတဲ့ မလွှဲမရှောင်သာ ပြဿနာတစ်ခုလို သဘောထားခြင်းကတော့ မကောင်းပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဖိစီးခြင်းဟာ အအေးမိခြင်းလိုမျိုး ရှောင်လွှဲမရပေမယ့် မဖြစ်ပွားအောင်နဲ့ ဖြေရှင်းနိုင်အောင် အဆင့်ဆင့် ဆောင်ရွက်လို့ရပါသေးတယ်။
ဒါကြောင့် စိတ်ဖိစီးမှုကို ဘယ်လိုကြိုတင်ပြင်ထားမလဲ။ ဖြစ်လာရင် ဘယ်လိုဖယ်ရှားမလဲ။ တရားထိုင်ခြင်းကနေ ရနံ့ကုထုံးအထိ ရွေးချယ်စရာ နည်းလမ်းအချို့ ရှိပေမယ့် သင်တန်းနဲ့ ပစ္စည်းကိရိယာများ မလိုအပ်တဲ့ အကောင်းမြင်စိတ်ထားဆိုတဲ့ အကြောင်းကို ဒီနေ့ အဓိကအာရုံစိုက်ပါမယ်။
အကောင်းမြင်ခြင်းဟာ မှန်ကန်သောနည်းအတိုင်း သင်လိုက်နာနေသမျှ ကာလပတ်လုံး သင့်စိတ်ကျန်းမာရေး အတွက် အလွန်အရေးကြီးပါတယ်။ အပြုသဘော စဉ်းစားခြင်းဟာ သင့်ပြဿနာများကို လျစ်လျူရှုရမယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ အဲဒီလို ပြုလုပ်တာက ဖိနှိပ်ခြင်းသာဖြစ်ပြီး သင့်အတွက် ရေရှည်မှာ ပိုလို့တောင် ဖိစီးလာပါတယ်။ အကောင်းမြင် စိတ်ထားဖြင့် စိတ်ဖိစီးမှု တိုက်ဖျက်နည်းနဲ့ ရှောင်လွှဲခြင်းမျိုး မပြုလုပ်မိအောင် ကာကွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အပြုသဘောထားရဲ့ အဓိကအစိတ်အပိုင်းမှာ သင့်ကိုယ်သင် ပျော်ရွှင်ရမယ်လို့ ဖိအားပေးခြင်း မဟုတ်ဘဲ သင့်အတွေးများက မလိုအပ်ဘဲ အပျက်သဘော ဖြစ်နေတာကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးမှာ အတွင်းစိတ်မှ အသံများ ရှိကြပြီး စိတ်ထဲမှ တစ်နေ့လုံး ပြောဆိုနေကြပါတယ်။ လူတွေရဲ့ စဉ်းစားပုံက အဲဒီအတိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကိုယ်တိုင်ပြောဆိုတာဟာ စိတ်ဖိစီးမှုကို ပိုဖြစ်စေနိုင်ပါတယ်။
ဥပမာ၊ နှိုးစက်သံကြားနေပေမယ့် ဆက်အိပ်ခြင်း၊ အလုပ်ခွင် ဝတ်စုံများ မီးပူတိုက်ဖို့ မေ့သွားခြင်း၊ မနက်စာ မစားမိခြင်း ဒါမှမဟုတ် မနက်ခင်းမှာ အဆင်မပြေမှု တစ်ခုနဲ့ အရင်ဆုံး ကြုံတွေ့မိခြင်း ဖြစ်ပြီးတဲ့အခါ ‘‘ဒီနေ့တော့ ကံမကောင်းဘူးထင်တယ်’’ လို့ စဉ်းစားမိပါသလား။ ဒီလို တော်တော်များများ ဖြစ်တတ်ပါတယ်။ အဆိုးဘက်ကို ပို့ဆောင်တာလို့ ခေါ်ပါတယ်။
တကယ်တော့ သင့်တစ်နေ့တာ ကံမကောင်းတာ မဟုတ်ပါ။ အဆင်မပြေမှု အနည်းငယ် ကြုံရခြင်းသာ ဖြစ်ပါတယ်။ အဲဒါတွေဟာ တစ်နေ့တာ ကျန်အချိန်တွေနဲ့ မဆက်စပ်ပါဘူး။ အပြုသဘော အချိန်လေးများ သင်လုံးဝမရတော့ဘူး ဆိုတာက ယုတ္တိမရှိပါ။ ဒါပေမဲ့ အကုန်အဆင်မပြေတော့ဘူးလို့ ယူဆပြီး တစ်နေ့တာစတင်ပါက ဖြစ်လာမယ့်ကိစ္စများကို အပျက်သဘော အရောင်ဆိုးမိပြီး အသေးအဖွဲတွေကိုပါ အလေးထားမိနေတာကို တွေ့ရပါလိမ့်မယ်။
အလားတူပဲ သင့်ကိုယ်သင် စကားပြောခြင်းဟာ ‘‘ဘက်လိုက်မှု’’ ရှိတယ်ဆိုတာ တွေ့နိုင်ပါတယ်။ လုံးဝ အပြုသဘောဆန်ခြင်း ဒါမှမဟုတ် လုံးဝ အပျက်သဘောဆန်ခြင်းကိုသာ သင်မြင်တွေ့ပါတယ်။ အရာရာက ၁၀၀ ရာခိုင်နှုန်း ကောင်းလေ့မရှိပါ။ ဒါကြောင့် အဲဒီလို မြင်နေတဲ့အခါ အရာရာကို လိုအပ်တာထက်ပိုပြီး အပျက်သဘော မြင်လာပါတော့တယ်။
ထိုနည်းတူပဲ ‘စစ်ထုတ်ခြင်း’ ဆိုတာဟာ အခြေအနေတစ်ခုရဲ့ အပြုသဘော အပိုင်းများကို လျစ်လျူရှုခြင်းနဲ့ အပျက်သဘောများကို ပုံကြီးချဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တကယ်ပဲ အလုပ်ပြီးမြောက်တဲ့ နေ့တစ်နေ့ ဖြစ်ပေမယ့် မပြီးနိုင်တဲ့ အလုပ်နှစ်ခုပေါ်မှာ အာရုံစိုက်မိပါတယ်။ ပြီးသွာတဲ့ အလုပ်ရှစ်ခုအပေါ် အာရုံမစိုက်မိတော့ပါဘူး။
အပျက်သဘော တွေးတတ်တဲ့ ဘယ်လိုအလေ့အထတွေကို သတိထားရမလဲဆိုတာ အခုဆိုရင် သဘောပေါက်လာပြီး အဲဒါတွေကို စတင်ပြောင်းလဲနိုင်မယ် ထင်ပါတယ်။ တစ်ကြိမ်လျှင် သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ ကြည့်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဥပမာ၊ သင့်အလုပ်အကြောင်း တွေးနေပုံကို အရင်စဉ်းစားကြည့်ပါ။ အဲဒီနောက် အဲဒါကိုထိန်းချုပ်နိုင်ပါက သင့်နေအိမ်မှ ဘဝအကြောင်း စတင် ပြောင်းလဲပြီး တွေးကြည့်ပါ။
အခြေအနေတစ်ခုအတွက် သင်စိတ်ဖိစီးမှု ခံစားနေရတဲ့အခါ စစ်ထုတ်တာ ဒါမှမဟုတ် အဆိုးဘက်ကို ပို့ဆောင်တာလိုမျိုး အပျက်သဘော တွေးခေါ်ပုံများကို ရှာကြည့်ပါ။ အဲဒီနောက် သင့်ကိုယ်သင် စကားပြောမှုကို ပြောင်းလဲတာ၊ သင့်အခြေအနေအပေါ် သိမြင်ပုံကို သိစိတ်နဲ့ ပြောင်းလဲတာတွေနဲ့ ကိုင်တွယ်ဖြေရှင်းကြည့်နိုင်ပါတယ်။
ဥပမာ၊ အထက်ပါ ဥပမာများအတိုင်း အလုပ်မှာ အလုပ်မတွင်ကျယ်တဲ့ နေ့တစ်နေ့ ကြုံရတယ်လို့ တွေးမိရင် သင်ဟာ စစ်ထုတ်မှု ပြုနေကြောင်း အသိအမှတ်ပြုလိုက်ပြီး အောင်မြင်ခဲ့တဲ့အရာကို အာရုံစိုက်ပါ။ ပြီးသွားတဲ့ အလုပ်တိုင်းအတွက် မိမိကိုယ်ကို ချီးကျူးပြီး တစ်ပတ်တာ ကျန်ရက်များမှာ ဘယ်လောက် လွယ်ကူသွားမယ်ဆိုတာကို စဉ်းစားကြည့်ပါ။
သင့်အတွေးကို စီမံခန့်ခွဲဖို့ အဓိက အစိတ်အပိုင်းက သင့်ကိုယ်သင် စကားပြောတာကို ပြောင်းလဲဖို့ ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ဖို့ အကောင်းဆုံးနည်းတစ်နည်းမှာ သင်က အခြားတစ်ယောက်အလား ပြန်ပြောတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြုံတွေ့သူတွေက မကြာခဏဆိုသလို အပြုသဘော အကြံဉာဏ်ကောင်းများကို သူတို့သာ မလိုက်နာကြပေမယ့် သူတို့သူငယ်ချင်းများအတွက် အကောင်းဆုံး အကြံဉာဏ်တွေ ပေးလိုကြပါတယ်။
အလုပ်မတွင်တဲ့ နေ့တစ်နေ့အကြောင်း ပြန်ပြောရရင် သင့်သူငယ်ချင်းများက သင့်ထံလာပြီး အလုပ်ကောင်းကောင်း မပြီးကြောင်း၊ စိတ်ဖိစီးရကြောင်း ပြောတယ်လို့ စိတ်ကူးလိုက်ပါ။ သူတို့မှန်တယ်လို့ သင်ပြန်ပြောမှာလား။ အဲဒီအခါ သူတို့အတွက်ရော၊ တစ်လမကုန်မီ သူတို့အရာရာ ဆောင်ရွက်ဖို့ စီမံခန့်ခွဲပုံကိုရော ပိုဆိုးစေပါလိမ့်မယ်။
အဲဒီအရာတွေကို သင်မပြောဘူးလို့ မျှော်လင့်ပါတယ်။ အဲဒီလို ပြောမယ့်အစား မစိုးရိမ်သင့်ကြောင်း၊ သူတို့ထင်တာထက် အချိန်ပိုရှိကြောင်း၊ အရာရာ အဆင်မပြေလည်း အကူအညီ အချိန်မရွေး တောင်းနိုင်ကြောင်း သင်ပြောပါလိမ့်မယ်။ အခြားတစ်ယောက်အတွက် အဲဒီလို လုပ်ပေးနိုင်ရင် ကိုယ့်အတွက်လည်း ကိုယ်လုပ်ပေးနိုင်ရပါမယ်။
ဒါဟာ အပြုသဘောဖြင့် စိတ်ဖိစီးမှု တိုက်ဖျက်တဲ့ အဓိကအချက် ဖြစ်ပါတယ်။ သင့်ကိုယ်သင် အခြားသူတစ်ယောက်လို ဆက်ဆံပါ။ ညင်သာပါ။ အာမခံပါ။ ကြင်နာပါ။ ဒါပေမယ့် ပြဿနာများကို လျစ်လျူရှုခြင်း၊ မသိကျိုးကျွန် ကွယ်ဝှက်ခြင်း ပြုရမယ်လို့ မဆိုလိုပါဘူး။ ကျိုးကြောင်းညီညွတ်ပြီး အပြုသဘောဆန်တဲ့ အားပေးမှုမျိုးနဲ့ ချဉ်းကပ်နည်းမျိုးကို ဆိုလိုပါတယ်။