ကျန်းမာရေးနဲ့ ညီညွတ်မှုအရှိဆုံး စားသုံးတတ်သူတွေတောင် မကြာခဏ အမှားကျူးလွန်မိတတ်ပါတယ်။ ဆိုလိုတာက အစားအသောက်ကနေ အများဆုံး အကျိုးရလဒ်ကို မရရှိနိုင်ကြတော့ပါဘူး။ မေးစရာဖြစ်နေတဲ့ အလေ့အထ အနည်းငယ်ကို သင်က ကျူးလွန်မိနေခြင်း၊ မှားယွင်းတဲ့ အကြံဉာဏ်ကို လိုက်နာမိခြင်း ဒါမှမဟုတ် သင့်အတွက် သင့်တော်တယ်လို့ ထင်ရတဲ့အချက်ကို ပြုလုပ်မိနေခြင်းတို့ ရှိပါသလား။ အဲဒီလိုရှိနေရင် ကျန်းမာအောင် ကြိုးစားနေသူတစ်ယောက် အတွက်တော့ မပြောပလောက်တဲ့ အမှားတွေကလည်း တဖြည်းဖြည်း များလာနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေပါက စားသမျှကို ဂရုစိုက်ပါ။ နေ့ဘက်မှာ စွမ်းအင်ပြည့်ဝနေရပါမယ်။ ပိုပြီး ကျန်းမာလိုပါက အစားအသောက်နဲ့ ပတ်သက်တဲ့ အမှားတွေကို ရှောင်ရှားခြင်းက အရေးကြီးတဲ့ အဆင့်တစ်ဆင့် ဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာစေသော အစားအသောက်ကို တစ်ချိန်လုံး စားနေခြင်းထက် ပို၍ အရေးကြီးနိုင်ပါတယ်။ ကယ်လိုရီ ဘယ်လောက် သင်တကယ် စားသုံးနေကြောင်း၊ အစားအသောက် အချို့က တစ်နေ့တာရဲ့ မတူညီတဲ့ အချိန်တွေမှာ သင့်စွမ်းအင် ပမာဏအပေါ် ဘယ်လို ပြုလုပ်ကြောင်း မသိနိုင်တဲ့အတွက် ဖြစ်ပါတယ်။

သင့်ရဲ့ ကျန်းမာစေသော အာဟာရကို မျက်ခြည် မပြတ်စေရန်နှင့် သင့်အစားအသောက်ကနေ လိုအပ်သော အရာ အားလုံး ရရှိစေရန်အတွက် ကျန်းမာရေးအကောင်းဆုံး ပုဂ္ဂိုလ်တွေတောင်မှ ကျူးလွန်တတ်တဲ့ အတွေ့အများဆုံး အစားအသောက်ဆိုင်ရာ အမှားတွေကို ဖော်ပြလိုက်ပါတယ်-

အရာရာ အဆီနည်းတာကို ရွေးချယ်ခြင်း

အဆီက ကျွန်ုပ်တို့အတွက် မကောင်းဘူးလို့ အမြဲကြားသိ နေရတဲ့အတွက် အဆီလျှော့စားသင့်ပါတယ်။ ဒါကြောင့်လည်း ကျွန်ုပ်တို့အများစုက အစားအသောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် အစားအသောက်များမှာ အဆီနည်းတဲ့ အမျိုးအစားကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် အစားအသောက် အရသာ အတူတူဖြစ်သလား၊ အဆီပြည့်ဝတဲ့ အမျိုးအစားနဲ့ တူသလား၊ ဘာကို ပေါင်းထည့်လိုက်တယ်ဆိုတာ စဉ်းစားကြည့်ဖူးပါသလား။

သကြားဓာတ်ဟာ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီမပါတဲ့ အစားအသောက်များ အရသာပိုကောင်းစေတဲ့ နောက်ထပ် ဟင်းချက်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုတာက အဆီပြည့်ဝတဲ့ အမျိုးအစားကို စားပါက စားမိတဲ့ ကယ်လိုရီထက် အများကြီး ပိုစားမိသွားနိုင်ပါတယ်။ သကြားဟာ အဆီထက် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် ပိုဆိုးတယ်လို့ အာဟာရဗေဒ ပညာရှင်များက တွေ့ရှိထားပါတယ်။ ဒါကြောင့် အကောင်းဆုံး ရွေးချယ်မှုအတွက် သင့်အစားအသောက်မှာ ဘယ်လောက် ရှိတယ်ဆိုတာ နှိုင်းယှဉ်ဖို့ အရေးကြီးပါတယ်။

အဆီမပါတာ တစ်ခုခုကို အလိုအလျောက် ရွေးချယ်မယ့်အစား ‘သကြား မပါဝင်ပါ’ လို့ ဖော်ပြထားတဲ့ အမျိုးအမည်များကို ရွေးချယ်ပါ။ ကိုယ်ဘာစားတာ သိရအောင် အာဟာရပါဝင်မှုကို စစ်ဆေးရင်လည်း စိတ်ကူးကောင်းတစ်ခု ဖြစ်ပါတယ်။

နံနက်စာအတွက် အသားဓာတ်မပါဝင်ခြင်း

မနက်ခင်းမှာ ပေါင်မုန့်ကင်တစ်ချပ် ဒါမှမဟုတ် ဆန်ပြုတ်နဲ့ ထမင်းလိုမျိုး တစ်ခုခုကို အလွယ်ယူစားလိုက်ဖို့ လွယ်ကူပါတယ်။ အထူးသဖြင့် အဲဒါတွေက ဗိုက်ပြည့်စေပြီး တစ်နေ့တာအတွက် အသင့်ဖြစ်စေပါတယ်။ ဒါပေမယ့် နံနက်ခင်းမှာ သင်စားသမျှက ပြုပြင်ထားတဲ့ ကစီဓာတ်များ ဖြစ်နေရင်တော့ ဒီလို ဗိုက်ပြည့်မှုက ကြာရှည်မခံပါ။ အနည်းငယ် နေမြင့်လာရင် အဆာပြေထပ်စားရတော့မှာ ဖြစ်ပါတယ်။

လူအတော်များများက မနက်ခင်းမှာ အသားဓာတ် ရှောင်ကြပါတယ်။ အဲဒီအခါ မကြာခင်မှာပဲ အစာစားလိုစိတ် ထပ်ဖြစ်လာတယ်လို့ ဆိုလိုပါတယ်။ အသားဓာတ်ဟာ တာရှည်ခံတဲ့ စွမ်းအင်ကိုလည်း ပေးပါတယ်။ အထူးသဖြင့် ကစီဓာတ်နှင့်ယှဉ်ပါက သင့်သွေးတွင်း သကြားဓာတ်ကို မကုန်ဆုံးမီ ပြန်အားဖြည့်ပေးနိုင်ပါတယ်။

ပိုပြီးမျှတတဲ့ မနက်စာအတွက် ကျန်းမာစေသော အသားဓာတ် အဓိကပါတဲ့ အစားအသောက်ကို ရွေးချယ်ပါ။ ဒါပေမယ့် အရန်အဖြစ် လုံးတီးပြောင်းနှံများ စားသုံးပါ။ ဥပမာ၊ ဂျုံကြမ်းပေါင်မုန့်ကင်နဲ့ ချိစ်အမာ၊ ကင်းဝါးစေ့နဲ့ ဒိန်ချဉ်ပျစ်ပျစ် ဒါမှမဟုတ် ကြက်ဥမွှေကြော်နဲ့ ပေါင်မုန့်ကင်လိုမျိုး ဖြစ်ပါတယ်။

ရေကို လုံလောက်အောင် မသောက်သုံးခြင်း

ကျွန်ုပ်တို့ ရေဆာတဲ့အခါ ဗိုက်ဆာတယ်လို့ မကြာခဏ အယူမှားမိပြီး ရေသောက်ရမယ့်အစား အဆာပြေ စားမိတတ်ပါတယ်။ ဒီထက်ဆိုးတာကတော့ ရေမသောက်ဘဲ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များ သောက်တတ်ကြပါတယ်။ ဒီလိုလုပ်တာက မကောင်းမွန်ပါဘူး။ သင့်စွမ်းအင်ပမာဏနဲ့ အာဟာရကို ပျက်ယွင်းထိခိုက် စေနိုင်ပါတယ်။

ရေကို လုံလောက်စွာ မသောက်တဲ့အတွက် နုံးချိစေနိုင်ခြင်း၊ အရေပြား အလှပျက်စေခြင်း၊ အစာခြေဖျက်မှု ပြဿနာများ ဖြစ်စေခြင်း၊ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အထွေထွေ နှေးကွေးစေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သောက်စရာ ရေကို အမြဲတမ်း အသင့်ရှိနေသင့်ပါတယ်။ ကဖင်း ဒါမှမဟုတ် သကြားပါတဲ့ အချိုရည်များအစား ရေကိုသာ သောက်သင့်ပါတယ်။ .

ရိုးရိုးရေသောက်ဖို့ ခက်ခဲနေရင် ကျန်းမာစေတဲ့ အနံ့အရသာအဖြစ် သစ်သီးစိတ်များ ထည့်ကြည့်ပါ။ အဲဒီအခါ ပိုပြီး ရေသောက်မိစေနိုင်ပါတယ်။

a jar of water with slices of lemon

ညစာအတွက် အများကြီးစားမိခြင်း

တစ်နေ့တာ အများဆုံး အစားအသောက်ကနေ သင့်စွမ်းအင် အများစုကို ရရှိပါတယ်။ ဒါဆိုရင် ညဘက် အိပ်ရာမဝင်မီ နာရီအနည်းငယ်အကြာမှာ ဘာကြောင့် စားနေတော့မှာလဲ။ စွမ်းအင်ကို အသုံးပြုနိုင်သေးတဲ့ အချိန်မှာ တစ်နေ့တာ အများဆုံး အစားအသောက်ကို စားသုံးသင့်ပါတယ်။ ဒါမှ မဖြုန်းတီးမိမှာ ဖြစ်ပါတယ်။ ဆိုလိုတာက နေ့လည်စာ များများစားပြီး ညစာ လျှော့စားဖို့ ဖြစ်ပါတယ်။

နေ့လယ်စာကို အများဆုံး စားတဲ့အခါ မွန်းလွဲပိုင်း ပျင်းရိခြင်း မဖြစ်အောင် ကာကွယ်နိုင်ပြီး တစ်နေ့တာ ကျန်အချိန်များမှာ ကယ်လိုရီများများ အသုံးပြုနိုင်စေပါတယ်။ ညစာ အများကြီးစားခြင်းက အကျင့်ပါနေနိုင်ပေမယ့် အဲဒီအခါ သင်အိပ်ရာဝင်တဲ့ အခါမှာလည်း အစာခြေနေနိုင်ပြီး စွမ်းအင် ဖြုန်းတီးရာ ရောက်နိုင်ပါတယ်။

သင့်အစားအသောက်ကို အပြောင်းအလဲ လုပ်ကာ နေ့လယ်စာ များများစားရင် ဘာအပြောင်းအလဲဖြစ်သလဲ ကြည့်ပါ။ နောက်ပြီး သင့်ခန္ဓာကိုယ် နိုးကြားနေအောင် မနက်စာကိုလည်း များများစားပါ။

friends enjoying a meal in a restaurant